မိဘကျေးဇူး မြင်းမိုရ်ဦး၊ မြင်းမိုရ်ထက်မြင့်သော အစရှိသည်တို့ဖြင့်
မိဘတို့၏ကျေးဇူးကို ပုံပမာ တင်ကြသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူရယ်လို့စမဖြစ်ခင် အချိန် အမိဝမ်းတွင်းမှာပင် မိခင်တို့သည် မိမိတို့၏ ကလေးငယ်တို့အတွက်
အစားသောက် အနေအထိုင်မှ အစ လိုက်နာရမည်များကို မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ
လိုက်နာ၍ ရှောင်ကျဉ်ရမည့် အရာများကိုလည်း မည်မျှပင် နှစ်သက်မက်မောစေကာမူ ရှောင်ကျဉ်ခဲ့သည်။
ရင်သွေးငယ်တို့ကို လွယ်ပိုးဖူးသော မိခင်ဟူသမျှသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊
မိမိတို့၏ သားသမီးများအပေါ်တွင် ကာကွယ်လိုစိတ်၊ စောင့်ရှောက်လိုစိတ်လည်းရှိကြသည်သာ
ဖြစ်သည်။
လူသားတိုင်းတွင် မွေးမိခင်နှင့်မွေးဖခင်သည် တစ်ဦးတစ်ယောက်စီသာရှိသည်။
မိမိတို့ လူသားအဖြစ်သို့မရောက်ခင်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သော မိခင်တို့သည်
ငွေကြေးအားဖြင့်လည်း ဝယ်ယူ၍ မရနိုင်ပေ။ ဆုံးရှုံးသွားလျှင်လည်း အစားထိုးရာအဖြစ် မည်ကဲ့သို့မျှ
မရနိုင်သောသူများတွင် မိဘသည် အရှေ့ဆုံးမှ ပါဝင်သည်။ ငွေကြေး၊ စည်းစိမ်ချမ်းသာ နှင့်
ဥစ္စာဓန ကို အကြောင်းပြု၍ မိမိ ၏ မိခင်ကို စွန့်ပစ်ခြင်းမှာမူ ဘာသာတရား အရတွင်သာမဟုတ်
လူမှုယဉ်ကျေးမှုအရပါ မလုပ်သင့် မလုပ်ထိုက်သော အကြောင်းအရာသာ ဖြစ်သည်။