လေတို့သည် ဟူးဟူးရားရားတိုက်ခတ်နေ၏။ အိမ်နောက်ဘက် မျက်စောင်းထိုးခြံမှ ဤနေရာဒေသတွင် ပေါက်ရောက်လေ့ရှိသော
သစ်ပင်တို့၏ ခပ်ချွန်ချွန်သစ်ရွက်တို့သည် ခြံအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်ကမျှ
မဖိတ်ခေါ်ဘဲ လေတို့၏ သယ်ဆောင်လာမှုကြောင့် ရောက်ရှိလာကြသည်။
စောစီးစွာ နိုးထလာပြီး ပြန်အိပ်ရန် အဆင်မပြေတော့သောအခါ ထမင်းစာခန်းထဲရှိ
စားပွဲတွင် အသာထိုင်ရင်း လေသံတို့ကိုနားထောင်ကာ မှောင်လျက်သာ ရှိနေသေးသော ပြင်ပလောကကို
ငေးကြည့်နေမိသည်။ မကြာမီ အချိန်တွင်ပင် အလင်းရောင်သည် ကောင်းကင်ယံ၌ အစပြုလာသည်။
မီးဖိုခန်း ပြတင်းမှတဆင့်
ကြည့်နေကြအတိုင်း ခြံထဲကို ကြည့်မိချိန်တွင် စိတ်သည်နောက်ကျိသွားသည်။ ရေကူးကန်၏ ရေမျက်နှာတစ်ပြင်လုံးနှင့်
ကန်ဘောင်တွင်သာမက မြက်ခင်းပြင်သည် သစ်ရွက်ချွန်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ လေမည်မျှ
ပြင်းသနည်း ဆိုလျှင် အုန်းထန်းပင်ပေါ်မှ ငှက်သိုက်ကလေးပင် လွင့်ကျသည်အထိ ဖြစ်သည်။