Monday 31 December 2012

အကျော်အမော် နည်းပြဆရာ





၂ရ ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲကြီးကို ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင် ကျင်းပနေပြီ။


ဇတ်လိုက်ကျော် မမဝသုန်လည်း နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန်အလို့ငှာ ပြိုင်ပွဲဝင်ရန် ဆီးဂိမ်း အမီ ပြန်လာခဲ့သည်။


ရေကူး အကျော်အမော်များ ထွက်ရှိရာ ကျွန်းနိုင်ငံကြီးတွင်  နှစ်အတန်ကြာ နေခဲ့သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်သည်။ ထို့ကြောင့် ၂၀၁၃ မတိုင်ခင် တစ်နှစ်တွင် ရေးကူးသင်ရန် စိတ်ကူးရမိသည်။ ထို့ကြောင့် သင်တန်းများကို စုံစမ်းရာတွင် ကလေးများအတွက်သာ ရှိနေသည်ကို တွေ့ရ၍ အတော်ကြီး စိတ်ညစ်ရ၏။ သို့ရာတွင် ကံသည် ကောင်းသည့်ဘက်တွင် ရှိသောကြောင့် ရေကူးသင်ဆရာမ တစ်ယောက်နှင့် တွေ့သည်။ သူမက နှစ်ယောက်ထဲ သီးသန့် သင်ကြားပေးသောကြောင့် မြုတ်တစ်ချီ၊ နစ်တစ်လှည့်နှင့် အတော်အတန် ကူးတတ်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်တော့ ကျွမ်းကျင်အဆင့်ဟု သတ်မှတ်ပလိုက်သည်။


အသက်ကလည်း ကြီးနေပြီ ဖြစ်တာကြောင့် အခြား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော်လည်း ဆီးဂိမ်းတွင် အထူးအစီအစဉ်အဖြစ်ပါဝင်သော အလွတ်တမ်း နည်းမျိုးစုံ အလှကူး တွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။


+++++

ပြိုင်ပွဲနေ့ ရောက်ရှိလာပြီ..။


အရှေ့တောင်အာရှမှ အသက်ကြီး အမျိုးသမီး ရေကူးဝါသနာရှင်များသည် ပြိုင်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ။ တာလွှတ်သည်နှင့် တစ်ပြိုင်နက် ရေကူးမယ်များသည် မြှုံးမှလွတ်သော ငါးများသို့ ကူးခတ်ကြသည်။ မမဝသုန်လည်း လှပစွာ ကူးခတ်သည်။ ပရိတ်သတ်၏ လက်ခုပ်သြဘာသံသည် ဟိန်းဟိန်းမြည်၏။ ပထမတွင် ငါးကဲ့သို့ကူး၏။ ထို့နောက် ဖားကဲ့သို့ ကူး၏။ ထို့နောက်များတွင်မူ ခွေးကဲ့သို့ လည်းကောင်း၊ ကြောင်ကဲ့သို့ လည်းကောင်း၊ လိပ်ပြာကဲ့သို့ လည်းကောင်း၊ ဆင်ကဲ့သို့ လည်းကောင်း။ လိပ်ကဲ့သို့ လည်းကောင်း၊ မျောက်ကဲ့သို့ လည်းကောင်း၊ ဝက်ကဲ့သို့ လည်းကောင်း၊ ကျွဲကဲ့သို့ လည်းကောင်း၊ ကြွက်ကဲ့သို့ လည်းကောင်း၊ လှိမ့်၍လှိမ့်၍ လည်းကောင်း မီတာ ၂၀၀ ကို ၅၂ စက္ကန့်အတွင် နည်းလမ်း အစုံဆုံး၊ အလှပဆုံး ကူး၍ ပန်းဝင်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


အခြားနိုင်ငံများမှ ပြိုင်ပွဲဝင် ရေကူးမယ်များသည် မမဝသုန်ကို အထင်တကြီး နှုတ်ဆက်ကြသည်။ ဤကဲ့သို့ ထူးဆန်းလှသော ရေကူးနည်းများကို မည်သည့် သင်တန်းဆရာထံတွင် နည်းနာသင်ယူသနည်းဟုလည်း မေးမြန်းကြသည်။ သင်တန်း တက်လိုကြောင်းလည်း ပြောကြားကြသည်။ မမဝသုန်၏ နည်းပြကြီး ဒေါ်ဆန်နီသည် မိန့်မိန့်ကြီး ပြုံးကာ ပုတ်သင်ညိုမကြီးကဲ့သို့ ခေါင်းတစ်ညိတ်ညိတ်ဖြင့် ကျေနပ်နေသည်။ သူမ၏တပည့်ဖြစ်သူ ဆုရရှိခြင်းသည် သူမ၏ အောင်မြင်မှုပင် မဟုတ်ပါလော။


မမဝသုန်မှာမူ ဒေါသထွက်မှုများကို မြိုသိပ်လျက် ပြိုင်ဘက်များကို ပြုံပြကာ ယင်း နည်းပြဆရာမကြီးထံသို့ ခြေလှမ်းကြဲကြီးများဖြင့် အလျှင်အမြန်သွားခဲ့သည်။ သို့ရာတွင် အားပေးနှုတ်ဆက်နေသူများကြောင့် သူမထံသို့ တော်တော်နှင့် မရောက်နိုင်ပေ။ ဤသည်ကို အခွင့်ကောင်းယူကာ ဆရာမကြီးသည် ထွက်ပြေးလွတ်မြောက် သွားလေသည်။ 


သူမသည် သူမ၏ တပည့်အကြောင်းကို ကောင်းကောင်းသိကာ ဆု မရမည်ကို စိုးရိမ်လှသဖြင့် ပြိုင်ပွဲမစခင်အချိန်ကလေးတွင် တပည့်ဖြစ်သူ၏ ရေကူးအင်္ကျီ နောက်ကျောထဲသို့ ကင်းလိပ်ရှော အသေးလေးတစ်ကောင်ကို မည်သူမှ မမြင်ခင် အလျှင်အမြန် ထည့်လိုက်သောကြောင့် ဖြစ်သည်။


ထိုသတ္တဝါသည် လက်ပစ်ကူးသော် ကျောပေါ်တက်၏။ ပက်လက်ကူးသော် ဘေးကိုတိုး၏။ စောင်း၍ကူးသော် ဗိုက်ကိုကိုက်၏။ အကောင်းသေး၍ မနာကျင်ငြား အသည်းယားလှ၏။ ထိုအကောင်ကလေး၏ ကိုက်ခဲခြင်းမှ လွတ်ရန် အလျင်အမြန် ကူးရ၏။ သူသည်လည်း ရေမွန်းခြင်းကို မခံနိုင်သောကြောင့် အသက်ဘေးမှ လွတ်ရာလွတ်ကြောင်း ကြိုးစားပုံရ၏။ ပန်းဝင်သော် နောက်ကျောမှတဆင့် ကုန်းပေါ်သို့ ခုန်တက်ကာ အသက်ဘေးမှ လွတ်လေသည်။


++++

ရွှေတံဆိပ်ကြီး လည်မှာဆွဲ၍ တည်းခိုရာသို့ ပြန်ရောက်သော် အနှီ နည်းပြဆရာမကြီးသည် ထိုင်ခုံတွင် ခန့်ခန့်ကြီး ထိုင်လျက်  ဟီး ကနဲ ရယ်ပြပါတော့သည်။


မမဝသုန်

Wednesday 26 December 2012

နောက်ကျောဘက်မှ မျက်နှာများ






ကျောခိုင်းထွက်ခွါသွားသူများကို မျက်လုံးတစ်ဆုံးငေးကြည့်ဖူးပါသလား။


***
ကျွန်မအား ကျောခိုင်းထွက်ခွါသွားသူများတွင် ကျွန်မကိုချစ်သောသူများ၊ ကျွန်မက ချစ်သောသူများ၊ ကျွန်မကို မချစ်မနှစ်သက်သူများ၊ ကျွန်မက မချစ်မနှစ်သက်သူများ၊ ခင်မင်ရင်းနှီးသူများ၊ မရင်းနှီး မကျွမ်းဝင်သူများ အားလုံးပါဝင်သည်။ ထိုသူတို့၏ နောက်ကျောတွင် မတူညီသော မျက်နှာများ အသီးသီးလည်း ရှိကြသည်။

ခေတ္တခဏခွဲခွါခြင်းဖြင့် ခဏခဏကျောခိုင်းသွားသူများ၊ မမြင်မတွေ့လိုတော့သဖြင့် ထာဝရ ကျောခိုင်းသွားသူများ၊ ဝမ်းနည်းခြင်းများဖြင့် ကျောခိုင်းသွားသူများ၊ နှုတ်ဆက်၍ ကျောခိုင်း သွားသူများ၊ နှုတ်မဆက်ဘဲ ကျောခိုင်းသွားသူများ၊ အချိန်တန်၍ ကျောခိုင်းသွားသူများ၊ အချိန်မတန်သေးဘဲ ကျောခိုင်းသွားသူများ အစရှိသော ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် ကျောခိုင်း ထွက်ခွါသွားသူတို့၏ နောက်ကျောကို အခါတော်တော်များများ  မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့ဖူးသည်။

Saturday 22 December 2012

ပန်းခက်များနှင့် တစ်ရက်တာ




ပွင့်ဖတ်ကရွှေဝါ
ညှာတံကမြစိမ်း
မြောက်လေမှာ ဟိုသည်တိမ်းပြန်ပေါ့
ယိမ်းနွဲ့နွဲ့ယိမ်း..။

ရှောင်တိမ်းငဲ့ပန်းမာလာ
လှရာရာသိမ်း
မြရည်လွှာ နံ့သာလိမ်းပြန်တော့
စိမ်းလဲ့လဲ့စိမ်း။

ရှိန်းသဲ့သဲ့ နန်းသူပမာ
မှန်းယူကာထိန်း
မြကြည်ပြာ အလွှာကိန်းပြန်ရော့
ငြိမ်းသွဲ့သွဲ့ငြိမ်း။



ပျိုးယုဝသုန်
03:35:58 AM
22-12-2012
Saturday (BNE)

Friday 21 December 2012

မွေးနေ့ကဗျာ


မွေးနေ့ကဗျာ (၂၁-၁၂-၂၀၁၂)
HAPPY BIRTHDAY PA PA


သုံးဆယ်ကျော် လေးမှာရပ်
လှမြတ်မြတ် ဖြိုးကလျာ
ဘဝအထပ်ထပ် တိုးသဒ္ဒါတယ်
မရိုးပါကွယ်သက်ဆုံး။

ခင်မမုန်းနိုင်ဘု
ယှဉ်ရုန်းကာ ဘဝလမ်းကိုလ
လျောက်စမ်းပ လမ်းရှည်ရှည်
နှစ်ယောက်ထမ်းမှ နွမ်းမခွေတယ်
ဘဝအခြေ လက်တွဲ။

ဆက်ချည်မြဲလာတဲ့
လက်သည်အတွဲမပြယ်ရစ်ပြီမို့
သက်တည်မြဲ ဖော်အဖြစ်ရယ်နှင့်
ချစ်ခြင်းဖြင့် သံသာတိုင်
ကူးနိုင်မယ့်သူလေး။

အစဉ်အေးကြည်ဖို့
ယှဉ်တေးသီကဗျာလေးမှာကွယ့်
မှာရေးကို ခါခါကျော့သူမို့
Birthday သူ မမယ်ပရယ်က
အိုကွယ်..
ကျေနပ်မယ်လား..။


ချစ်ခြင်းများဖြင့်
မမဝသုန်

မူမူ




ချစ်သောမူ
မွေးနေ့တူတဲ့ဆွေရင်း
သက်ဆုံးတိုင်ပျော်ရွှင်ငြိမ်းစေကွယ့်
တောင်းဆုရင်တွင်း ..

ဝသုန်
၁၉ -၁၂-၂၀၁၂

မနော်ဟရီ ကို ခံစားမိခြင်း





လမင်းပမာ
သူ့မျက်နှာက
ဝင်းပကြည်မြ
ရှုမဝ။

လေပြည်အလာ
သူ့ဆံလွှာ
ညင်သာကကြ
ရှုမဝ။

ခေါင်းငဲ့အပြုံး
မျက်လုံးရီရီ
ချိုကြည်ပျံ့လွင့်
နှုတ်အဖွင့်တွင်
ပန်းပွင့်တွေလည်း ဝေခဲ့ပြီ။


ပျိုးယုဝသုန်
၁၄-၁၂-၂၀၁၂
ခေတ္တ(BNE)

မှုံ့မေမေ - မင်္ဂလာနှစ်ပတ်လည်


+= , (+)+=


တစ်ယောက်တစ်ဘဝ
နှစ်ယောက်တစ်ဘဝ
သုံးယောက်ပေါင်းလည်း တစ်ဘဝနှင့်
ချိုမြကြည်သာ
ချစ်ကြပါစေ
နောင်အရှည် သက်ဆုံးတိုင်သရွေ့ ..



ချစ်ခင်မှုများဖြင့်
ဝသုန်
၀၃-၁၂-၂၀၁၂

Thursday 20 December 2012

ငါတကော ကောသူများ






ငါနှင့် ငါသာ
ငါဆရာဟု
ငါမှာ ငါထပ်
ငါသာမြတ်လို့
ငါကပ်ကိုစွဲ
ငါဒွန်တွဲ၍
ငါထဲမွေ့လျော်
ငါ၌ပျော်လျှင်
ငါသော်ကြောင်ကျ
ငါမရဘဲ
ငါ စခွေးကျ ကျတော့မည်။



ပျိုးယုဝသုန်
8:56:15 PM
20-12-2012
Thursday (BNE)


** Special Thanks to အစ်ကိုဟယ်ရီ for Creation of Art **

Tuesday 18 December 2012

ညှို့ယူဆွဲငင် ခေါ်ရာဆီသို့ ...




တဖျောက်ဖျောက် ကြွေကျနေတဲ့ စိန်ပန်းပြာတွေ ရဲ့ နေ့ရက်တွေအဆုံးမှာ အနီရောင် စိန်ပန်းတွေ ပင်လုံးကျွတ် ပွင့်ဝေလာကြတယ်။ ရာသီမသိ ပန်းနှင့်ညှိ ဆိုပေမယ့် ဘယ်ရာသီမှာ ဘယ်ပန်းတွေ ပွင့်ကြတယ်ဆိုတာကို သိရှိမှတ်သားဖူးတဲ့ မှတ်ဉာဏ်ဟာ တစ်ခါတစ်ရံမှာ အနားယူအိပ်စက်နေလေ့ရှိပါရဲ့။ ဒါပေမယ့် အရွက်စိမ်းစိမ်းတွေကြားမှာ ဝေနေတဲ့ မပူလောင်တဲ့ အနီရောင်ပန်းတွေရယ် တရှိန်းရှိန်း တောက်ပနေတဲ့နေရောင်ရယ် ဟာ နွေရာသီကို ညွှန်းဆိုနေခဲ့တာပဲ။ တစ်ရံရောအခါက ဒီလိုအချိန်မှာ နှစ်သက် မြတ်နိုးဖွယ် ကောင်းတဲ့ နေရာလေးတစ်ခုမှာ ရှိနေခဲ့ဖူးပါရဲ့လေ ..။


***


“လွမ်းလိုက်တာ” ဆိုတဲ့ စကားတစ်ခွန်းဟာ ရင်ဘတ်ထဲမှာ အခါခါ မြည်ပြီး ပဲ့တင်သံတွေ မဆုံးနိုင်အောင် ထပ်နေခဲ့တယ်။ သေချာတာကတော့ ဒီစကားတစ်ခွန်းဟာ သက်ရှိလူသား တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတာ ဘယ်လိုနည်းနဲ့မှ မဟုတ်ခဲ့ပါဘူး။ အချိန်ကာလတွေ ပြောင်းသွားသလိုပဲ အကြောင်းအရာ အမျိုးမျိုးတွေကြောင့် နေရာဒေသမျိုးစုံကို ရောက်ရှိ နေထိုင်ခဲ့ရပေမယ့် တိုက်ဆိုင်မှုတွေ ရှိလာချိန်မှာ နေရာဒေသတစ်ခုဆီကို စိတ်ဝိညဉ်တွေ ရောက်ရောက်သွားတတ်တာဟာ ကျွန်မရဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရ၊ တားဆီးလို့မရတဲ့ ခံစားမှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်လည်း ထိုနေရာဒေသဟာ ကျွန်မကို အချိန်တိုင်း ဖမ်းစားနိုင်ခဲ့တယ်။ ကျောက်စီပန်းချီကားထဲမှာ၊ ရွှေချည်ထိုးကားချပ်တွေထဲမှာ၊ ပြီးတော့ နောက်ဆုံး ဓါတ်ပုံတွေထဲမှာပါ တစ်စတစ်ပိုင်းလောက်ကလေး မြင်လိုက်ရရုံနဲ့ ဖြစ်ပေါ်လာတဲ့ အသွေးအသားထဲက တုန်လှုပ်မှုဟာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေချိန် ကအတိုင်း မလွဲမသွေ တူညီနေခဲ့တယ်။ ဒါဟာ ရူးသွပ်မှုလား တိုက်ဆိုင်မှုလားဆိုတာကို အနက်ဖွင့်စရာမလိုတဲ့ သီးသန့်ဖြစ်တည်နေတဲ့ ရင်ခုန်မှုသက်သက် တစ်ခုသာ။


***

Monday 17 December 2012

လောဘကြီးသော လိပ်ပြာလေး





တစ်ခါတုန်းကပေါ့..

ပန်းပေါင်းစုံ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းခင်းတစ်ခင်းထဲမှာ လိပ်ပြာလေးတွေ၊ ပျားကလေးတွေ၊ ဝတ်ရည်စုပ်ငှက်ကလေးတွေ၊ ပိတုန်းကလေးတွေ နဲ့ အခြား အကောင်ငယ်လေးတွေ လာရောက် ဆော့ကစားလေ့ရှိကြတယ်။

အနီ၊ အပြာ၊ အဝါ၊ ခရမ်း၊ လိမ္မော် အစရှိတဲ့ အရောင်အသွေးစုံလင်တဲ့ ပန်းခင်ထဲမှာ ပန်းကလေးတွေ အလှချင်းပြိုင်နေကြသလို အဲ့ဒီပန်းခင်းထဲမှာ လှပတဲ့ အရောင်မျိုးစုံရှိတဲ့ လိပ်ပြာကလေးတွေကလည်း  ဟိုမှ သည်မှ ပျော်ရွှင်စွာ ဝဲပျံ သွားလာနေကြတယ်..။ ဒီလိပ်ပြာတွေထဲမှာ မှ အခြားလိပ်ပြာတွေနဲ့မတူဘဲ အရောင်အသွေးဆန်းဆန်းနဲ့ လှပတဲ့အတောင်ပံတွေကို ပိုင်ဆိုင်တဲ့ လိပ်ပြာလေးတစ်ကောင်လည်းပါတယ်။ အဲ့ဒီလိပ်ပြာကလေးဟာ လှပလွန်းတဲ့အတွက်ကြောင့် သူပျံဝဲလာပြီဆိုရင် အခြားသော အကောင်ငယ်ကလေးတွေနဲ့ ပန်းကလေးတွေဟာ ငေးကြည့်နေကြရသတဲ့။

Sunday 16 December 2012

ငါ နှင့် .. ငါ ၏ ..





ကိုယ့်အတောင်ကိုယ်ချိုး
ကိုယ့်အရိုးကိုယ်ခွါ
ကိုယ့်ခြေရာ ကိုယ်ညှို့
ကိုယ့်အမြီး ကိုယ်နင်း
မလင်းတလင်း မနက်
မညက်တစ်ညက်တေးချင်း
နှင်းဖိနပ်နဲ့နွေခေါင်ခေါင်
မှောင်မိုက်တဲ့ အိပ်မက်မြစ်
လက်ပစ်ကူးမယ်ကြံမှ
ငါ့လက်တံက ပျောက်နေတယ် ..။



ပျိုးယုဝသုန်
2:57:48PM
16-12-2012
Sunday (BNE)

Saturday 15 December 2012

ဂျာဂျာဘီ နှင့် ဖခင်၏ ဧည့်သည်





တစ်နေ့တွင် ဖေဖေနှင့် မေမေသည် ကျုံကမိစုရွာကလေးသို့ မေမေ့ တူမဝမ်းကွဲလေး၏ စေ့စပ်မင်္ဂလာပွဲကို ချီးမြှင့်ရန် သွားရောက်ခဲ့သည်။ စေ့စပ်မင်္ဂလာပွဲသည် ထင်မှတ်ထားသည်ထက် ပိုမို၍ စည်ကားကာ အောင်မြင်စွာ ပြီးဆုံးသွားသောကြောင့် လူကြီးများအားလုံးရော ဇနီးမောင်နှံ အလောင်းအလျာစုံတွဲပါ ပျော်ရွှင်ခဲ့ကြသည်။

စေ့စပ်ပွဲအပြီး နောက်ရက်များတွင် ဖေဖေနှင့် မေမေသည် တောင်စွန်းတွင် ရှိသော ဘုန်တော်ကြီးကျောင်းများ နှင့် ရဟန်းသံဃာတော်များကို သွားရောက်ဖူးမြော်ကြသည်။ ထို့နောက် ကျုံကမိစု၊ ပေါက်တော၊ ကုန်းတန်းလေး၊ ကုန်ပေါ် အစရှိသော ရွာများမှ မေမေ၏ ဆွေမျိုးများရှိရာသို့ လှည့်လည်ကာ တွေ့ဆုံနှုတ်ဆက်ကြသည်။

ကုန်းပေါ်နှင့် ကုန်တန်းလေး ရွာကြားတွင် ပေါက်တောသုဿန်တည်ရှိသည်။ မေမေ၊ ဖေဖေ နှင့် ကျွန်မတို့၏ အဒေါ်တော်စပ်သူတို့သည် သူတို့၏ အဒေါ်ရှိရာ ကုန်းတန်းလေးမှ အစ်မရှိရာ ကုန်ပေါ်သို့ ခရီးဆက်လိုသည်။ ပေါက်တော သုဿန်မှ ဖြတ်သွားလျှင် ခရီးမှာတိုသဖြင့် သူတို့သည် ဝေးကွာ ရှည်လျားသော အခြားလမ်းကို မရွေးတော့ဘဲ သုဿန်ထဲမှဖြတ်၍ ကုန်ပေါ်သို့ ခရီးဆက်ကြသည်။

Thursday 13 December 2012

နေ့တစ်နေ့၏ လက်ဆောင်




၁၂-၁၂-၂၀၁၂

ဒီနေ့မှာ အမှတ်တရ တခုခု လုပ်ချင်ခဲ့တယ်။ ဘာလုပ်ရရင် ကောင်းမလဲလို့လည်း ကြိုတင် စဉ်းစားမိတယ်။ ကိုယ်လည်းကျေနပ်မယ့် သူတစ်ပါးအတွက်လည်း အကျိုးရှိမယ့် အရာလည်း ဖြစ်စေချင်ခဲ့တယ်။ အဲဒီ အချိန်မှာ စိတ်ကူးလေးတစ်ခု ရခဲ့တယ်။ ဒီစိတ်ကူးကို ကူးမိတဲ့ အချိန်က အောက်တိုဘာလရဲ့ အလယ်.. စားမေးပွဲအတွက် စာတွေနဲ့ နပမ်းလုံးနေချိန်...။

ရန်ကုန်မှာဆို သွေးလှူဖို့ဆိုတာ အိမ်က လုံးဝ သဘောမတူပါဘူး။ သူတစ်ပါးတွေ အတွက် အခက်အခဲမရှိပဲ လှူနိုင်နေတဲ့အချိန်မှာ ကိုယ်က မလုပ်နိုင်ခဲ့ဘူး။ မောင်လေးအမြဲပြောတဲ့ စကားက “တစ်လုံးထုတ်ပြီး နှစ်လုံးသွင်းနေရမယ်.. အေးအေးနေ”တဲ့..။ ဟုတ်တော့လည်း ဟုတ်ပါတယ်..။ ဟေမိုဘလိုဘင်က အမြဲတမ်း ၁၀၀နဲ့ ၁၀၀ အောက် ရောက်နေတော့ သွေးလှူဖို့လည်း မသင့်လျော်ဘူးပေါ့။ ဒါပေမယ့် လုပ်ချင်တဲ့ စိတ်ကလည်း များနေခဲ့တယ်။

Wednesday 12 December 2012

တူ၍ မတူသော




ပိတုန်းရောင်ဖြာ
ကျော့ကေသာနှင့်
တင့်သည့်အသွင်
ကြေးမုံပြင်၌
စိုက်ကြည့်ခါခါ
ဤမျက်နှာတွင်
မြူစင်ကင်းပ
လှလွန်းရဟု
မဝ ရှုမိ
မြင်အသိ
မြဲ၏ထင်မှတ်ရှိခဲ့သည်။

နေ့ နေ့တွေကြွေ
ထွေထွေသောက
ရရှိကျွမ်းဝင်
ဖြစ်စဉ်လူမှု
ကုဋေစုသို့
ပူမှုမငြိမ်း
တရှိန်းရှိန်းတည်
မညီငယ်ဂုဏ်
ဇရာပုံက
တစ် စစ လု
ရှုတိုင်းမယဉ်
ငါ့အသွင်
ကြေးမုံပြင်ထက် ထင်ခဲ့ပြီ။



ပျိုးယုဝသုန်
09:20:12PM
12-12-2012
Thursday (BNE)

Thursday 6 December 2012

ကန်စွန်းပင်




အခန်း၏ အရှေ့ဘက် မျက်နှာစာ ထောင့်လေးတွင် အစိမ်းရောင် ဖော့ပုံးလေး တစ်ပုံးရှိသည်။ ရေနှင့် မြေကြီးများထည့်ထားသည့်ထိုဖော့ပုံးလေးထဲတွင် အညွန့်ကလေးများ တလူလူနှင့် ကန်စွန်းပင်ကလေးများသည် လန်းဆန်းစွာ ရှင်သန်ထောင်မတ်နေသည်။ အမှန်တွင် ထိုအစိမ်းရောင် ဖော့ပုံး၏ ပကတိအရောင်မှာ အဖြူရောင် ဖြစ်သည်။

ကုန်စုံဆိုင်မှ  ဝယ်ယူရရှိလာသော ကန်စွန်းရွက်တစ်စီးသည် ကျွန်တော်တို့ ညီအစ်အတွက် သင့်လျော်သော ဟင်းတစ်ခွက်အဖြစ် နှစ်နပ်စာမျှ လုံလောက်သည်။ ကျန်ရှိနေသော အရင်းပိုင်းမှ ရင့်ထော်နေသော အရိုးအတိုကလေးများကို အမှိုက်အိတ်ထဲ ထည့်မည်ပြုပြီးမှ မထည့်တော့ပဲ ခွက်လေးတစ်ခွက်တွင် ရေအနည်းငယ်နှင့် ထောင်ထားလိုက်သည်။ ညနေအလုပ်မှ အပြန်တွင် ဈေးဆိုင်မှ သစ်သီးများထည့်သော ဖော့ပုံးတစ်ပုံးကို ဝင်ပြီး ယူခဲ့သည်။ အဖြူရောင်ဖော့ပုံးသည် ကန်စွန်းပင်ကလေးများနှင့် မလိုက်ဖက်၊ တောက်ပ လွန်းနေသည် ဟု မိမိ ဘာသာ မိမိ ယူဆကာ အစိမ်းရင့်ရောင် သင်္ဘောဆေးတို့နှင့် အဖြူရောင်ကို အရောင်တင်လိုက်သည်။ ဆေးတို့ ခြောက်သွားချိန်တွင် မြေကြီးနှင့် ရေကို ထည့်ကာ ခွက်ထဲတွင် ရေထောင်ထားသော ကန်စွန်းရိုးတိုကလေးများကို တစ်ချောင်းစီ ထိုးစိုက်လိုက်သည်။