တောင်ခြေတွင်
နေဝင်သည်က အခြားနေရာတွေမှာထက် စောလွန်းသည်။ ဒီနှစ် နွေရာသီသည် ယခင့် ယခင် နှစ်တွေထက်
အပူချိန် ပိုများနေသလို ခံစားရသည်။ မိုးဇလ ပညာရှင်များ၏ ပြောစကားအရ ယခင်နှစ်တွေထက်
ပို၍ အပူချိန်များကြောင်း သိရသော်လည်း သူတို့ပြောသည်ထက် ပိုသကဲ့သို့ပင်။ လမ်းတို့သည်
တံလျပ်ရောင်ဖြင့် အလျံတညီးညီး တောက်နေသည်။ အဝေးမှကြည့်လျင် ရေအိုင်များကဲ့သို့ ဖြစ်နေသည့်
ကတ္တရာ ခင်းထားသော တာလမ်းမ၏ အချို့ နေရာများသည် ပျော့ပျောင်းကာ ခြေရာထင်ကျန် မတတ် ဖြစ်နေသည်။
အဘယ့်ကြောင့် ဤမျှ ရာသီဥတုက ပြောင်းလဲသွားသည်ကို ကျွန်မ မသိပါ။
ကမ္ဘာအနှံ့အပြားတွင်
ဖောက်ပြန်နေသော ရာသီဥတုများကို ကြုံတွေ့နေကြရသည်။ သဘာဝ၏ ဘေးဒဏ်များကိုလည်း ရင်ဆိုင်နေကြရသည်။
၂၀ ရာစု၏ သည်မှာဘက်ပိုင်း ၁၀ စုနှစ် ၂ ခုအတွင်း ပြင်းထန်သော၊ ရက်စက်သော သဘာဝ၏ ဘေးအန္တရာယ်များသည်
လူသားတို့ အပေါ်တွင် ကျိန်စာတိုက်ထားသည့်အလား တစ်ခုပြီးတစ်ခု ကျရောက် နေသကဲ့သို့ပင်။ အပူလွန်ခြင်း၊ အအေးလွန်ခြင်းများသည်
လူကြီးလူငယ်တို့၏ အသက်ဇီဝကို ခြွေချနေသေးသည်။ ရင် ဆိုင်ရန် အဆင်သင့် မဖြစ်သေးသော
၊ မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မသိသော နေရာဒေသ၊ တိုင်းပြည်များမှ လူသားများသည် ထိုဒဏ်များကို
အကွယ်အကာမဲ့ ရင်ဘတ်နှင့် ထီးတည်းရင်ဆိုင်ကြရသည်။
မညီမျှသော
ဘဝများ၊ ရပ်တည်မှုများကြားတွင် ကွာဟလာသော အခြေအနေများသည် အမှန်စင်စစ်တွင် ကျွန်မတို့၏
ဖန်တီးမှုများသာဖြစ်သည်။ ထို အချင်းအရာကို ကံတရားဟု သတ်မှတ်ကာ ကံတရား၏ လက်တွင်းတွင်
မလူးသာ မလွန့်သာ နှင့် ကျွန်မတို့ ရေစုန်မြှောလိုက်နေသည်မှာ ကျွန်မတို့၏ အားနည်းချက်သာ
ဖြစ်သည်။
ကံတရားသည်
အလုပ်ပင် ဖြစ်သည်ဟု ကျွန်မတို့ မြတ်စွာဘုရား ဟောကြားခဲ့သည်။ ကံတရားသည် ပြုပြင်၍
ရသည်။ ထို အရာမှာ အလုပ်ပင် ဖြစ်သည်။ စိတ်နှင့် အလုပ်များကို လုပ်ကြမည်။ ကိုယ်နှင့်
အလုပ်များကို လုပ်ကြပြီး နှုတ်နှင့် လုပ်သော အလုပ်များကို လျော့ချကြမည်။ ဝီရိယနှင့်
ကြိုးစားမှုသည် မည်သည့် အခါတွင်မှ အချည်းနှီး မဖြစ်ပါ။ ဝမ်းစာကံတရား ပြည့်ဝသူများ အချိန်တိုနှင့် အောင်မြင်သွားသည်ကို
ကြည့်ပြီး ကျွန်မတို့ရဲ့ ကံတရား အကျိုးပေးမှု နှောင့်နှေး နေမှုအပေါ်တွင် အားမလိုအားမရ
ဖြစ်ပြီး စိတ်ဓာတ်ကျရန်လည်း မဖြစ်သင့်ပေ။
အရွေ့ကလေး တစ်ခု ရှိရုံနှင့်ပင် တချိန်ချိန်တွင် ခရီးတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်
သွားနိုင်သည် မဟုတ်ပါလား။ အဓိက မှာ
အရွေ့တစ်ခု အမြဲရှိနေရန် ကြိုးစားလိုစိတ် နှင့် အားထုတ်မှု ရှိရန်ဖြစ်သည်။
ချမ်းသာခြင်း
ဆင်ရဲခြင်းကို အများစုသော သူများက ငွေကြေးများ၊ ဥစ္စာဓနများ၊ ပိုင်ဆိုင်မှုများနှင့်
တိုင်းတာကြသည်။ ထိုကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာများနှင့် အတိပြီးသော ဘဝတိုင်းတွင်လည်း
စစ်မှန်သော ချမ်းသာကို ရရှိသူများကား နည်းပါးလှသည်။ ကျွန်မတို့ မည်၍ မည်မျှ ခရီး
ပေါက်ခဲ့သည်ကို ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အားမနာစတမ်း၊ မညှာတာစတမ်း ပြန်လည်း စမ်းစစ်ကြည့်သင့်သည်။ ကျွန်မတို့
သူတပါး၏ ထမင်းအိုးကို မည်မျှ တည်ပေးဖူးသနည်း၊ သူတပါး၏ ထမင်းအိုးကို မည်မျှ ရိုက်ချခဲ့ဖူးသနည်း။ စစ်မှန်သော စိတ်စေတနာများ မည်မျှ ထားရှိခဲ့ဖူးသနည်း၊
အကျိုးလို၍
ညောင်ရေလောင်းခြင်းလား၊ အကျိုး ဖြစ်စေချင်၍ ညောင်ရေလောင်းခြင်းလား ကို ကျွန်မတို့မှ
အပ အခြားမည်သူမျှ ပိုမသိနိုင်ခဲ့ပါ။ တစ်ရာရှိ၍ တစ်ကျပ် မျှဝေပေးခြင်း သည် ကျွန်မတို့အတွက်
ကြီးစွားသော နစ်နာဆုံးရှုံးမှု မဟုတ်ပါ။ သို့သော် ပမာဏ များလာလျင် ပေးကမ်းကူညီလိုသော
စေတနာသည် လျော့နည်း ပါးရှားလာတတ်သည် မဟုတ်ပါလား။ တိုင်းပြည်တစ်ပြည်၏ ချမ်းသာခြင်းသည်
တစ်ဦးတစ်ယောက်၏ ချမ်းသာမှုကိုကြည့်၍ သတ်မှတ်ခြင်း မဟုတ်ပါ။ ထိုတိုင်းပြည်တွင်
နေထိုင်သူတိုင်၏ မျှတသော ဘဝရပ်တည်မှုအပေါ်တွင် ကြည့်ခြင်း ဖြစ်သည်။
ချမ်းသာသော
သူများက နွမ်းပါးသူများကို ကူညီကြသည်။ ချမ်းသာသော တိုင်းနိုင်ငံများက နွမ်းပါးဆင်းရဲသော
တိုင်းနိုင်ငံများကို ကူညီကြသည်။ သူတို့သည် သူတို့၏ လှုဒါန်းမှုများကို အယူဝါဒများ နှင့် မကန့်သတ်ပါ၊ ဘာသာတရားများနှုင့်
မချိန်ဆပါ။ မပြည့်စုံသည့်သူကို ပေးကမ်းလှူဒါန်းခြင်းသည် မည်သည့် ဘာသာတရားတွင် မဆို
မင်္ဂလာရှိသည်။ ကျွန်မတို့သည် အလှူခံဘဝမှ လှူဒါန်းသူများ ဖြစ်အောင် ကြိုးစားကြရမည်။
စေတနာ အားကောင်းသော ကျွန်မတို့သည် မေတ္တာတရား အားကောင်းရန်၊ မုဒိတာစိတ် အားကောင်းရန်လည်း
ကြိုးစားကြရမည်။
ရုန်းကန်
ကြိုးစားခြင်းသည် လွတ်မြောက်ခြင်း ဆီသို့ ဦးတည်ပါတည်။ အမိဝမ်းမှ မွေးဖွားလာစဉ် ဘာမှ
အသိမရှိစဉ်ကတည်းက ရုန်ကန်ခဲ့ရသော ကျွန်မတို့သည် ရှင်သန် ရပ်တည်နေစဉ် ကာလတစ်လျောက်လုံး
ကြိုးစား ရုန်ကန်ခြင်းအတွက် ပို၍ ပင်ပန်းခြင်း ရှိတော့မည် မဟုတ်ပါ။ ရှင်သန်နေစဉ်မှ
သေဆုံးချိန် အထိ ကျွန်မတို့အားလုံး ရုန်ကန်ခဲ့သည်၊ ကြိုးစားခဲ့ကြသည်။ သို့သော် သေဆုံးပြီးချိန်တွင် ကျန်ရစ်သော
မှတ်တိုင်များကား တစ်ဦးနှင့်တစ်ဦး မတူညီ၊ ကွာခြားလှသည်။
ခြေရာထင်ထင်
ကျန်စေရန် ပျော့သော မြေကို နင်းရန် မလိုပါ။ ကျွန်မတို့ စိတ်နှလုံးသား ကြီးမားရန်သာ
လိုအပ်သည်။
ပျိုးယုဝသုန်
15-04-2016 (ကျိုက်ထို)
No comments:
Post a Comment